Thursday, June 01, 2006

ဂြိုဟ်ကမ္ဘာပေါ်က ချိုသောခါးသော နေ့စွဲများ

ကျွန်မတို့ဟာ celebrity တွေ မဟုတ်ကြပါဘူး။ ဒါပေမယ့် ကျွန်မတို့လုပ်နေတဲ့ လုပ်ငန်းဟာ celebrity တစ်ခုဖြစ်ပါတယ်။ သူ့ကိုအမြဲမွေ့ပျော်တဲ့ ပရိသတ်တွေ ရှိပါတယ်။

သူဆိုတဲ့ Planet ဟာ သူကိုယ်တိုင်က သက်ရှိတစ်ယောက်မဟုတ်လေတော့ သူ့ကို အသက်သွင်းဖို့ ကျွန်မတို့ သက်ရှိလူသားဝန်ထမ်းတွေက နေ့စဉ်တာဝန်ယူလုပ်ကိုင်နေကြပါတယ်။ ကျွန်မတို့လုပ်တဲ့ အလုပ်ကောင်းမွန်လေလေ ကျွန်မတို့ရဲ့ သက်မဲ့ celebrity ကြီးဟာ ဂုဏ်သတင်းမွှေးလာလေလေပါပဲ။ နာမည်ကျော်လာတာနဲ့အမျှ ပရိသတ်ရဲ့ လိုတမပြည့်တဲ့ လစ်ဟာချက်တွေကိုလည်း ကျွန်မတို့ရင်ဆိုင်ရတာ မကြာခဏပါပဲ။ ပရိသတ်တွေဟာ သူတို့လိုအင်တွေ အော်ဟစ်တောင်းဆိုကြဖို့ အသက်မရှိတဲ့ Celebrity ကို ကိုယ်တိုင်တိုက်တွန်းလို့ မရနိုင်တဲ့နောက်တော့ သူ့နောက်ကွယ်ကလူသားတွေဖြစ်တဲ့ ကျွန်မတို့ကိုပဲ တိုင်တည်အော်ဟစ်နေကြတော့တယ်။

ကိုယ့်ကိုယ်ကိုယ် ကိုယ်ရည်သွေးတာမဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်မလက်ခံတာတစ်ခုကတော့ ကျွန်မတို့ဟာ အလုပ်တော်တော်များများကို ပရိသတ်တွေ မတောင်းဆိုခင်ကတည်းက လုပ်ပေးခဲ့တာချည်းပါပဲ။ ဒါမှလည်း ကျွန်မတို့ရဲ့ အလုပ်တာဝန်ဟာ ကျေပွန်တယ်မဟုတ်လား။ ကျွန်မတို့ဟာ နိုင်ငံတကာက အင်တာနက်နဲ့ အွန်လိုင်းပရိသတ်တွေရဲ့ ဖွံ့ဖြိုးမှုအနေအထားကို ကိုယ့်တတ်စွမ်းနိုင်သလောက်တော့ မျက်ခြည်မပြတ် သိမြင်နေခဲ့ကြတယ်။ မြန်မာပြည်သူတွေမွေ့ပျော်နိုင်မယ့် ကဏ္ဍတွေကို ဦးဦးဖျားဖျားတင်ဆက်ပေးနိုင်အောင် ကြိုးစားခဲ့ကြတာချည်းပါပဲ။

သိတဲ့အတိုင်းပဲ.. celebrity ဖြစ်တိုင်းလည်း လူတိုင်းကချစ်ကြတာမဟုတ်ပါဘူး။ မချစ်ရုံတင်မက အမုန်းခံရတဲ့ celebrity တွေလည်း အများကြီးပါပဲ။ ကျွန်မတို့ဟာ ဒါကို ရင်ဆိုင်ခဲ့ကြရပါတယ်။ ဒီအဖြစ်ဟာ တကယ်ဆို ခါးသီးပါတယ်၊ နာကျင်ကိုက်ခဲပါတယ်။ သည်းခံနိုင်ဖို့ ခက်ခဲခဲ့ပါတယ်။ ကျွန်မတို့ဟာ ကိုယ်တိုင် celebrity တစ်ယောက်လို အောင်မြင်မှုတွေ ခံစားနေရသူတွေလည်း မဟုတ်တဲ့အတွက် အောင်မြင်မှုရဲ့ ဒဏ်ကို သွယ်ဝိုက်ခံစားရမှန်း မသိခဲ့ပဲ ပေါက်ကွဲခဲ့ပါတယ်။ ခုအချိန်မှာတော့ ဒါဟာ ကျွန်မတို့ကို အချိုအခါး အရသာစုံတဲ့ ဘ၀ခံစားချက်တွေနဲ့ ပိုမိုရင့်ကျက်အောင် သဘာဝနိယာတရားက ပို့ပေးလိုက်တဲ့ အနေအထားတစ်ခုဆိုတာကို ကျွန်မ နားလည်မိပါပြီ။

ကျွန်မတို့ဟာ အသစ်တွေဆီကို ခြေလှမ်းနေခဲ့ကြတာများတာမို့ ကဏ္ဍဟောင်းတွေဟာ အိုဟောင်းပြီး အသက်မဲ့တော့မလိုလို ဖြစ်နေခဲ့တဲ့အချိန်တွေ ရှိခဲ့တယ်။ ကျွန်မတို့ သတိပြုမိတဲ့အချိန်မှာ ဒီကဏ္ဍတွေ စိုပြေအောင် ပြန်အသက်သွင်းဖို့ ကြိုးစားကြတယ်။ ဥပမာအားဖြင့် Forum နဲ့ Instant Photos တို့မှာ အထူးပါဝင်ခဲ့ကြပါတယ်။ ကျွန်မတို့ဟာ အစည်းအဝေးမှာကိုပဲ လူတစ်ယောက်လျှင် ID အများကြီးယူပြီး ဖိုရမ်မှာဝင်ရေးဖို့၊ ဓာတ်ပုံတွေတင်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

စကားသံတွေ တိတ်ဆိတ်ညင်သာနေတဲ့ ဖိုရမ်မှာ သွားပြီးစကားပြောကြတဲ့ ကျွန်မတို့အတွက် စတင်ဝင်ရောက်စဉ်ကာလဟာ အနည်းငယ် အူကြောင်ကြောင်နိုင်ပါတယ်။ ကျွန်မတို့ဟာ ပညာရပ်တစ်ခုခုအကြောင်းကို ရှည်ရှည်ဝေးဝေး ရေးသား ပညာပေးနိုင်ကြသူတွေ မဟုတ်ဘူး၊ ကိုယ့်အကြောင်းကိုယ်လည်း ရှည်ရှည်ဝေးဝေး ကြော်ငြာနိုင်သူတွေ မဟုတ်ပါဘူး။ သာမန်ခင်မင်မိတ်ဆွေဖွဲ့ရုံလောက်နဲ့လည်း ကျွန်မတို့ရဲ့ ဖိုရမ်ဟာ စည်ကားလာမှာမဟုတ်ဘူးလို့ ခံစားနားလည်ကြပါတယ်။ ကျွန်မတို့ဟာ တစ်ယောက်က တော့ပစ်တစ်ခုတင်လိုက်၊ အဲဒါကို နောက်တစ်ယောက်က ၀င်ဆွေးနွေးပေးလိုက်၊ နောက်အိုင်ဒီတစ်ခုနဲ့ ထပ်ပြီး ကွန့်ပေးလိုက်နဲ့ လံကြုတ်တော့ပစ်တွေလုပ်ရင်း အသည်းတယားယားနဲ့ ဖိုရမ်မှာ ၀င်အာခဲ့ကြတယ်။ ဒီတော့ပစ်တွေမှာ အပြင်လူတစ်ယောက်ယောက် လာရေးဖို့အတွက် လိုလားခဲ့ကြတယ်။ ကျွန်မတို့ကိုယ်တိုင်လည်း နီးစပ်ရာ ပရိသတ်တွေကို ဖိုရမ်မှာဝင်ရေးဖို့ ရေရေလည်လည် တိုက်တွန်းခဲ့ကြတယ်။ ဒါ.. အောင်မြင်ပါတယ်။ ကျွန်မတို့မှာ ဘာများရေးစရာရှိလို့တုန်း.. ရေးရင်းရေးရင်း ဖိုရမ်မှာရေးထားတာတွေကို ဝေဖန်တာတွေပါလာတဲ့နောက် ဖိုရမ်ဝင်နေကျပရိသတ်တွေဆီက မကျေမနပ်တုံ့ပြန်သံတွေ ဖိုရမ်မှာ ရောက်လာတယ်။ သူတို့အချင်းချင်း လက်တို့ပြီး အဖော်ညှိကာ ဝေဖန်လေကန်နေသူတွေကို ဆန့်ကျင်ဖို့ကြိုးစားကြတယ်။ ဒါကလည်း ဘာပဲဖြစ်ဖြစ် ဖိုရမ်ကို လူအသစ်တွေပါ ပိုဝင်လာပြီး စကားတွေ ပိုပြောလာကြတယ်မဟုတ်လား။

ဒါပေမယ့် ကျွန်မတို့အတွက် ကံဆိုးတဲ့အချက်တစ်ခုက ဒီဝေဖန်ထားတဲ့ တော့ပစ်မှာ ရေးထားတဲ့ ID တွေအားလုံးနီးပါးဟာ သူတို့ချစ်တဲ့ Celebrity ကြီးကို အသက်သွင်းနေတဲ့ ၀န်ထမ်းတွေဖြစ်နေတယ်ဆိုတာ ပရိသတ်တွေက မကြာခင် သိသွားကြတာပါပဲ။ တစ်ချိန်မှာ သူတို့သိရင်သိသွားမယ်ဆိုတာ ကြိုတွေးခဲ့ပေမယ့် သူတို့ရဲ့ခံစားချက်ဟာ ကျွန်မတို့ဖြစ်စေချင်တာထက် အများကြီးကျော်လွန်ပြီး အဆိုးဘက်ကိုရောက်သွားတယ်။ သူတို့ဟာ နောက်ဆိုရင် ကောင်းတာလေးတွေ ရေးမှဖြစ်တော့မယ်ဆိုတဲ့ အသိထက် သူတို့ကို celebrity ကြီးကိုယ်နှိုက်က သရော်ကားမော်ကားပြုတယ်ဆိုတဲ့ အဆိုးမြင်ကို ရင်ထဲမှာ သိမ်းထားကြတယ်။ ဒါကလည်း လူ့စိတ်သဘာဝအရ ဖြစ်တတ်တာပါပဲ။ သူတို့ကို ဆိုးတယ်လို့ပြောလို့မရပေမယ့် ကျွန်မတို့ဟာလည်း မှားတယ်လို့ မဖြစ်ချင်ကြပြန်ပါဘူး။

ဒီအဖြစ်တွေကို ဒီအတိုင်းရိုးရိုးလေး တင်ပြခဲ့ကြရင် ဘယ်လောက်ကောင်းမလဲ။ ခုတော့ တခြားပြဿနာတစ်ခုကို အစချီပြီးမှ ဒါတွေကိုဆွဲထုတ်ပြီး ကျွန်မတို့ဆိုးဝါးကြောင်း သက်သေထူခံရတာ တကယ်ကို ခံစားရခက်စရာပါပဲ။ အဲဒီအချိန်မှာ ဖိုရမ်မှာ လူတွေ တော်တော်မွေ့ပျော်လာပြီး ကျွန်မတို့လည်း လှုံ့ဆော်မှုတွေကို အရှိန်သတ်ဖို့ကြိုးစားခဲ့ပြီးနေပြီ။ အဲဒီအချိန်မှာ ကျွန်မတို့ဟာ ပရိသတ်တွေရေးတာ အသုံးမကျဘူးလို့ ပြောမယ့်အချိန်လည်း မဟုတ်တော့ပါဘူး။ ကျွန်မတို့ဟာ ခုမှပြန်ဖတ်ရင် အရင်က လှုံ့ဆော်ချင်တဲ့သဘောနဲ့ ရေးခဲ့တဲ့ ဝေဖန်ရေးစာလုံးတွေဟာ နည်းနည်းရင့်တယ်ဆိုတာ လက်ခံပါတယ်။ ဒါပေမယ့် ပြဿနာရဲ့အစကတော့ ဒီဟာနဲ့စတာမဟုတ်ပဲ ပရိသတ်တစ်ယောက်က ကျွန်မတို့တစ်ယောက်ယောက်က သူ့ကိုယ်ပိုင်လွတ်လပ်ခွင့်ကို ချိုးဖောက်နှောင့်ယှက်တယ်လို့ အကြောင်းပြတိုင်တန်းရာက စခဲ့တယ်။ ကျွန်မတို့တစ်တွေရဲ့ အပြစ်တွေကို တစ်စစီဆွဲထုတ်ပြတဲ့ ပုံစံမျိုးနဲ့ ဖိုရမ်မက်ဆေ့ခ်ျတွေ၊ ကျွန်မတို့ ID name တွေဟာ ပရိသတ်အကြား သတင်းမွှေးသွားပါတယ်။ သူ့ရဲ့စွပ်စွဲချက်ဟာ ကျွန်မတို့တတွေအတွက် အလွန်ရယ်စရာကောင်းတဲ့ အကြောင်းပြချက်တစ်ခုဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်မတို့ဟာ ပြေလည်အောင်ဆောင်ရွက်ရမယ်ဆိုတာကို နားလည်ခဲ့ပြီး စိတ်ကျေနပ်မှု ဘယ်လိုပေးနိုင်မလဲ အဖြေရှာခဲ့ပါသေးတယ်။ တစ်ဖက်နဲ့တစ်ဖက် နှစ်ဖက်ဖြစ်လာတဲ့နောက် စိတ်ဓာတ်တွေဟာ ထင်သလောက်မရင့်ကျက်နိုင်သေးတဲ့ ကျွန်မတို့ကလည်း သည်းမခံနိုင်ပေါက်ကွဲခဲ့ရပါသေးတယ်။ မှတ်မှတ်ရရပါပဲ။ နောက်တော့လည်း ပရိသတ်တစ်ယောက်တည်းရဲ့ စိတ်ပြဿနာကို သိပ်ပြီးအာရုံမစိုက်ပဲ လျစ်လျူရှုပြီးတော့ ကိုယ့် celebrity ကြီး ကောင်းစားဖို့ကိုပဲ ဆက်လုပ်နေကြဖို့ ကြိုးစားခဲ့ကြပါတယ်။

Instant Photos မှာလည်း ပုံတွေပို့တဲ့သူ နည်းလာတယ်ဆိုရင် စိတ်ဝင်စားဖွယ်ရာ ပုံတွေကို ကျွန်မတို့ကိုယ်တိုင် ရွေးချယ်ပို့ပေးကြရင်း ပရိသတ်တွေကို ပြန်ခေါ်ပါတယ်။ ဒါလည်း အောင်မြင်ခဲ့တာပါပဲ။ ကျွန်မတို့ဟာ ကိုယ်တိုင် celebrity မဟုတ်ပေမယ့် ပရိသတ်တွေ ကိုယ့်နောက်မှာအမြဲလိုက်ပါလာစေရမယ့် သဘောတရားကို နားလည်ခဲ့ပါတယ်။ ဒါပေမယ့် ဒီသက်မဲ့ celebrity ကြီးရဲ့ အရိပ်မှာခိုထားပြီးနောက် သာမန်လူတွေလို စိတ်ဆိုးလိုက်၊ ခြေချော်လက်ချော်လုပ်လိုက်၊ ဘ၀င်မြင့်လိုက်၊ ရန်ဖြစ်လိုက်လုပ်တာတွေဟာ ကျွန်မတို့ပရိသတ်တွေရဲ့အမြင်မှာ အမြင်မတော်ဖြစ်နေပြန်တာမို့ တခါတရံမှာ အသက်ရှူရခက်ခဲတဲ့ နေ့ရက်တွေကို ရင်ဆိုင်ခဲ့ရပါတယ်။ ခုထိလည်း ပရိသတ်တွေဟာ အက်ဒမင်ကြီးဖြစ်နေပြီးတော့..ဆိုတဲ့ အတွေးအခေါ်နဲ့ ကျွန်မတို့ရဲ့ ခြေချော်လက်ချော် အမှားအယွင်းတွေအပေါ် စိတ်အနှောင့်အယှက်ကြီးတွေ ဖြစ်နေကြဆဲပါပဲ။ ဒီအတွက် စိတ်မကောင်းဖြစ်ရပါတယ်။ သူတို့စိတ်ထဲမှာ ကျွန်မတို့ဟာ သိပ်ကြီးကျယ်နေတယ်။ ၀မ်းသာရမှာလား ၀မ်းနည်းရမှာလား မသိအောင်ပါပဲ။ တရားဝင်တောင်းပန်ပါ လို့ တောင်းဆိုတာတွေဟာ ကျွန်မတို့ကို မျက်လုံးပြူးစေတယ်၊ နားမလည်နိုင်အောင် ဖြစ်စေတယ်။ လူတွေ ဘာလို့ဒီလိုဖြစ်သွားကြတာလဲ.. ဒါကို ကျွန်မတို့ အချိန်တစ်ခုခုမှာ ဆက်စပ်နားလည်နိုင်လာမယ်လို့ မျှော်လင့်ပါတယ်။ လတ်တလောမှာတော့ ကျွန်မတို့ Perfect ဖြစ်ရဖို့ မကြိုးစားနိုင်သေးတာမို့ တတ်နိုင်သမျှ အလုပ်တွေကောင်းကောင်းဆက်လုပ်ဖို့ကိုပဲ စဉ်းစားထားကြပါတယ်။ တစ်ခါ စိတ်အနှောင့်အယှက်ဖြစ်ရတာတွေအတွက် ဆယ်ခါစိတ်ကျေနပ်စရာလေးတွေ ပရိသတ်ကို ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။

5 Comments:

At 12:42 AM, Blogger Wai Phyo said...

အမရေ။

ခင်ဗျားပြောတော့မှ ကျွန်တော်တို့ အဖြစ်ကိုလည်း ပြန်တွေးမိပြီးငိုရမလို၊ ရယ်ရမလိုဖြစ်သွားတယ်။ ကိုယ်ချင်းစာပါတယ်ခင်ဗျာ။ ကျွန်တော်တို့လည်း လုပ်ဖူးပါတယ်။ ကိုယ့်ကျောင်းကောင်းကျိုးအတွက်ဆိုပြီး ၀ဗ်ဆိုက်လေးထောင်၊ ဖိုရမ်လေး အတည်တကျဖြစ် အောင်လုပ်။ Hosting လေးကိုလည်း ရှိတဲ့ပိုက်ဆံအပိုဝင်ငွေ လေးထဲကနေစုပြီး လုပ်ပေးခဲ့တယ်။ ကိုနှင့် ဘာသိဘာသာ နေလို့ရပေမဲ့လည်း ကျောင်းစာတွေကြားထဲကကိုက ဒီအဖွဲ့အစည်းလေး၁ခု အတွက် မနေနိုင် မထိုင်နိုင်လုပ်ပေးနေတာပါ။ အမတို့လိုပဲ ကျွန်တော်တို့လည်း User Id တွေထည့် အသက်မ၀င်သေးတဲ့ ဆိုက်လေးကို အသက်ဝင်အောင် လုပ်ခဲ့တယ်။

ဒါပေမယ့်အမရေ။ လူ့စိတ်ဆိုတာ ဒီလိုပါပဲ။ ကျွန်တော် တို့လည်း ပစ်စာတွေ အများကြီးလာခဲ့ပါသေးတယ်။ User တွေကလည်း မင်းတို့တွေကြီးပဲ၊ ဆိုက်ကလည်း ပိန်းသလေးဘာလေးနှင့် မရင့်ကျက်သေးတဲ့ကျွန်တော်တို့လည်း ဒေါမနဿထောင်းခဲ့ရပါတယ်။

အခုလို အတော်လေးအခြေတကျဖြစ်သွားတာတောင် မကောင်းပြောချင်တဲ့လူတွေရှိပါသေးတယ်။ မင်းတို့က မင်းတို့ ပိုက်ဆံနှင့် လုပ်ထားရလို့ လူပါးဝတာလား ဆိုတဲ့ အကြည့်မျိုးနှင့် ကြည့်တဲ့လူကတစ်မျိုး၊ သူတို့အပြောအဆို မတည့်တာကို ဖျက်မယ်ပြုမယ်လုပ်ရင်လည်း မိုက်ကြေးခွဲချင်တဲ့ ရုပ်တွေနှင့်ပြူးပြတာကတဖုံ၊ ကွန်ပျူတာတောင် ကောင်းကောင်းကိုင်တတ်တာမဟုတ်ဘဲနှင့် မင်းတို့ဆိုက်ကို ငါလှမ်း Hack လိုက်မှာနော်ဆိုတဲ့လူတွေက တမျိုး နှင့် သြော်...... အက်ဒမင်မှန်းမသိအောင် နေခဲ့တာတောင်မှ လူတွေရဲ့ ပါးစပ်အောက်က မလွတ်ခဲ့ပါဘူးဗျာ။

စဉ်းစားကြည့်ပါ။ တကယ်လို့ ကျွန်တော်တို့ Community Site .. သူတို့ပိုက်ဆံနှင့် ဆာဗာပေါ်တင်မယ်ဆိုရင် ပိုတောင်ဆိုးမှာပဲဗျ။ မင်းက ငါတို့ ပိုက်ဆံနှင့် ဒီဆိုက်ကိုထောင်ထားတာ ငါတို့ကို ဘုရင်လို ဆက်ဆံဆိုရင်တော့၊ ငါးပါးမကမှောက်လေရော့ပဲဗျိုး။

ကျွန်တော်ပြောရင် ရိုင်းပါလိမ့်မယ်၊ လူတချို့တွေဟာ ကိုယ်ကိုတိုင်လည်း လုပ်နိုင်တာမဟုတ်ဘဲနှင့် သူများကောင်းကောင်းလုပ်ရင်လည်း ဖျက်လိုဖျက်ဆီး၊ မကောင်းမြင်ချင်ကြပါတယ်။ ဘာမဟုတ်တဲ့ ပြဿနာသေးလေးတွေကိုတောင် Magnify လုပ်ချင်ကြပါတယ်။ အပြစ်တင်လိုက်ရမှ ၀မ်းသာသွားမဲ့ သူတို့အတွက်တော့ Admins/ Celebrities ( so called ) တွေဟာ ထာဝရ ဓါးစာခံပါပဲဗျာ။ ဒီလိုနှင့် ကျွန်တော်တို့လည်း နောက်ဆုံးမှာ နားလည်မှုဆိုတာကို နှလုံးမူစိတ်ထားပြီး ဥပေက္ခာပြုခဲ့ပါတယ်။ ကျွန်တော်တို့ ဆိုက်က ဒါတောင် Planet နှင့် ယှဉ်ရင် သေးသေးလေးပါဗျာ။ ကျွန်တော် အမတို့ အပြောခံရတာတွေကို သဘောပေါက်ခံစားမိပါတယ်။ စိတ်မကောင်းစရာဆိုပေမယ့် အမရေ၊ ဂရုမစိုက်ပါနှင့်၊ ဆက်သာလုပ်ပါဗျာ။ အမတို့ အောင်မြင်မှုနှင့်အတူ ၀မ်းသာပေးကြတဲ့သူ၊ အခက်အခဲတွေကို နားလည်ပေးကြတဲ့သူ၊ ကျရှုံးရင်လည်း စိတ်မကောင်းဖြစ်ပေးကြမဲ့သူတွေ အများကြီးပါ၊ ကျွန်တော်တို့အပါအ၀င် မြန်မာပြည်က Users တွေတင်မကဘူး၊ နိုင်ငံရပ်ခြား၊ ကမ္ဘာတ၀ှမ်းက Users တွေ အများစုကတော့ အားပေးနေမြဲပါ အမတို့ရေ။

p/s ... ပို့စ်အရှည်ကြီးရေးလိုက်ရလို့ စိတ်မကောင်းပါဘူး။ Planet ကိုဖားယားရေးတာလည်း မဟုတ်ပါဘူး။ ကျွန်တော့်ကိုလည်း ထမင်းကျွေးထားတာမှမဟုတ်၊ =) ကိုယ်ခံစားတာလေးကို ၀င်ပြီး လျှာရှည်ကြည့်တာပါ ပရိသတ်တို့ရေ။ ...

 
At 4:22 AM, Blogger Maribel Artaste said...

Hi!Great and interesting blog you have:) Come and visit my site too. http://motors.com.mm/?utm_campaign=mot_mm_lb_blog_martaste&utm_source=mot_lb_blog&utm_medium=lb_blog

 
At 4:24 AM, Blogger Maribel Artaste said...

Hi!Great and interesting blog you have:) Come and visit my site too. http://motors.com.mm/?utm_campaign=mot_mm_lb_blog_martaste&utm_source=mot_lb_blog&utm_medium=lb_blog

 
At 4:56 AM, Blogger phung bella said...

hi impressive blog.
We have a big website to sale cars online throughout Myanmar. Please visit us back at: http://motors.com.mm/?utm_campaign=mot_mm_lb_blog_phung&utm_source=mot_lb_blog&utm_medium=lb_blog

 
At 8:45 PM, Blogger Ingr Weber said...

http://wunzinminraja.blogspot.sg/

 

Post a Comment

<< Home